ပြည် ဇွန် ၁၁
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းကထုတ်ပြန် ကြေညာခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ စာစစ်ဌာနငါးခုမှ ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ဖြေဆိုသူပေါင်း ၈၁၁ ဦးအနက် ၄၇၂ဦးအောင်မြင်ခဲ့သဖြင့် မြို့နယ်ချုပ် အောင်မြင်မှုရာခိုင်နှုန်း ၅၈ ဒဿမ ၂၀ ဖြစ်ကြောင်းနှင့် ဘာသာစုံ ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦးထွက်ပေါ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က(၄)၊ အ.ထ.က(၅)၊ အ.ထ.က(ဝက်ထီးကန်)နှင့် အ.ထ.က (ပေါင်းတလည်) အစရှိသည့် စာစစ်ဌာန ငါးခု၌ကျင်းပခဲ့ပြီး ယင်းစာစစ်ဌာနငါးခု၌ ကျောင်းတွင်းဖြေနှင့် ကျောင်းပြင်ပအလွတ်ဖြေ စုစုပေါင်းစာရင်းရှိ ၈၄၂ ဦးအနက် ၈၁၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ယနေ့အောင်စာရင်းတွင် ၄၇၂ ဦး အောင်မြင်ကြောင်းနှင့် အဆိုပါအောင်မြင်သူများအနက် ဘာသာစုံခြောက်ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ငါးဘာသာ ၇ ဦး၊ လေးဘာသာ ၁၀ ဦး၊ သုံးဘာသာ ၆ ဦး၊ နှစ်ဘာသာ ၂၄ ဦးနှင့် တစ်ဘာသာ ၄၃ ဦး စုစုပေါင်း ၉၁ ဦးဂုဏ်ထူးအသီးသီးရရှိအောင်မြင်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)