မိုးညိုမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မိုးညို ဇွန် ၁၁

၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မိုးညို-မင်းလှသွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၆ မိုင် ၂ ဖာလုံအနီး၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များထံသို့ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးရဲမြင့်နှင့်အဖွဲ့ဝင်များက စိုက်ပျိုးမည့်ပျိုးပင်များအား ပေးအပ်ခဲ့သည်။ ထို့နောက်သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ရပ်ကွက်နေပြည်သူများ အင်အား ၁၅၀ ဦးခန့်က ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ယမနေ၊ မန်ဂျန်ရှား စုစုပေါင်းပျိုးပင်(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်၊ ဒေသအပူချိန်လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများထူထောင်ခြင်း စသည့်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)