မြဝတီ ဇွန် ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မွန်မြတ်ဖြူစင်လူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၁)ရပ်ကွက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့က ပြည်သူများအနေဖြင့် မိုးကြိုကာလများတွင်ဖြစ်ပေါ်တတ်သည့် ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုမှုဘေးအန္တရာယ်များကြောင့် လူနှင့် တိရိစ္ဆာန်များ၊ ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်သတိပြုလိုက်နာရမည့် အချက်များ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေချိန် ရှောင်ရှားသင့်သည့်အချက်များနှင့် ဖြစ်ပေါ်ပြီးပါက ပြုလုပ်ရမည့်အချက်များကို ရပ်ကွက်အတွင်း လူစည်ကားရာနေရာများ၊ လမ်းမကြီးများတစ်လျှောက်၌ အသိပညာပေးနှိုးဆော်ပေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အလားတူ ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များ၊ အခြေခံပညာကျောင်းများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)