ဘိုကလေးမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လိုသောလုပ်ငန်းများ တင်ပြနိုင်ရန်ညွှန်ကြားထား

ဘိုကလေး  နိုဝင်ဘာ  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ နိုဝင်ဘာ (၉)ရက်နေ့မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မိမိတို့ ရပ်ကွက်/ကျေးရွာများအတွင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လိုသော လုပ်ငန်းများအား  နိုဝင်ဘာ (၁၆)ရက်နေ့ နောက်ဆုံးထား၍ တင်ပြသွားရန် ညွှန်ကြားထားသည်။

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်း ဒေသခံပြည်သူများအတွက် အမှန်တကယ်လိုအပ်လျက် ရှိသော လမ်း၊ တံတား လိုအပ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘိုကလေးမြို့နယ်၏ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ အုပ်စုများ အတွင်း ဒေသခံပြည်သူ များအတွက် အမှန်တကယ် လိုအပ်လျက်ရှိသည့် လမ်း၊ တံတား လိုအပ်ချက်များအား အလျား၊  အနံ၊ အမြင့်တွက်ချက်ပြီး ရန်ပုံငွေလိုအပ်ချက်၊ ပြည်သူ့ထည့်ဝင်ငွေ ခန့်မှန်းကုန်ကျ စရိတ်များ တွက်ချက် တင်ပြသွားရန်နှင့်တင်ပြချက်များအား မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးသို့ မိတ္တူများ ပေးပို့ရန် ညွှန်ကြားထား ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)