တောင်ငူမြို့၊ သူနာပြုသင်တန်းကျောင်း၌ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

တောင်ငူ ဇွန် ၁၁

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်း (တောင်ငူ) ၌ သူနာပြု- သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်း၊ သင်တန်းသားသင်တန်းသူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၄ ပညာသင်နှစ်၊ သူနာပြု - သားဖွား ဒီပလိုမာပထမနှစ် ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား ဆုများချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ သင်တန်းသား (၂) ဦးနှင့် သင်တန်းသူ (၆) ဦးအား ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပေးအပ်ကာ အလင်းတိုင်မီးထွန်းညှိပြီး သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုသည်။ ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းသားသင်တန်းသူများက ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တောင်ငူ သူနာပြု-သားဖွားသင်တန်းကျောင်းအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သြဝါဒအမှာစကားပြောကြားပြီး တောင်ငူ သူနာပြု-သားဖွားသင်တန်းကျောင်းအား ထောက်ပံ့ငွေများပေးအပ်သည်။ ထို့နောက် တတိယနှစ် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)