ထားဝယ် ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ ကော်ဖီစိုက် တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၄) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးတွဲဖက် အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းစိုးက တိုင်းဒေသကြီးအတွင်း ကော်ဖီပျိုးပင် ပျိုးထောင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက တောင်သူများအား တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူသောမျိုးစေ့ချ ကိရိယာများနှင့် ကော်ဖီပျိုးပင်များထောက်ပံ့ပေးအပ်ပြီး ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း ပြောကြားကာ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်ဖီပျိုးခင်း ပျိုးထောင်ထားရှိမှု၊ လယ်ယာမြေ အသစ်ဖော်ထုတ်ထားရှိမှု၊ School Garden ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
တနင်္သာရီတိုင်းဒေသကြီးသည် နှစ်ရှည်ပင်များ၊ ဥယျာဉ်ခြံများ အဓိကစိုက်ပျိုးသော ဒေသဖြစ်သဖြင့် ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီဖြစ်ထွန်းသော ကော်ဖီသီးနှံကိုလည်း နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိပြီး ဒေသခံတောင်သူများ၏ စိတ်ဝင်စားမှုများလာခြင်းကြောင့် ဒေသနှင့်ကိုက်ညီသောကော်ဖီ မျိုးကောင်းမျိုးသန့်များ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရန်နှင့် မြန်မာ့ကော်ဖီကမ္ဘာ့ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မျိုးကောင်းမျိုးသန့် ကော်ဖီတိုးချဲ့စိုက်ပျိုးလာစေရန်၊ တောင်သူများ ဝင်ငွေတိုးလာစေရေးနှင့် လူနေမှုဘဝ မြင့်မားလာစေရန်၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊ နှစ်ရှည်သီးနှံ ရော်ဘာ၊ ကွမ်းသီး၊ သီဟို ပင်တန်းကြားတွင် ကော်ဖီပင်ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ် အသုံးချမှု တိုးတတ်လာစေရန်၊ မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကော်ဖီတိုးချဲ့ စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မိုးရာသီဇွန်လမှ ဩဂုတ်လအတွင်း ကော်ဖီပျိုးပင်များကို စိုက်ပျိုးမည့်တောင်သူများသို့ အခမဲ့ဖြန့်ဖြူး စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးရာသီမတိုင်ခင် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများက ကော်ဖီစိုက်ပျိုးထိန်းသိမ်းခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း သင်တန်းများကို ပို့ချသွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)