ထားဝယ် ဇွန် ၁၀
လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်းအမှတ်စဉ် (၁၁/၂၄) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လုပ်ငန်းခွင်မူလတန်းဆရာအတတ်ပညာသင်တန်း တက်ရောက်ကြမည့်ဆရာ၊ ဆရာမများသည် မကြာမီနိုင်ငံတော်၏အဓိကအခန်းကဏ္ဍတစ်ခုဖြစ်သော ပညာရေးအခန်းကဏ္ဍကြီးတွင် ကျရာတာဝန် ကျေပွန်စွာထမ်းဆောင်ရင်း နိုင်ငံတော်၏အကျိုးကို “ဆရာဆိုသည့်ဘဝ”ဖြင့် ပေးဆပ်သွားမည့်သူများလည်းဖြစ်ကြောင်း၊ အခြေခံပညာရေး၏ ရည်မှန်းချက်များဖြစ်သည့် နိုင်ငံသားတိုင်းအခြေခံပညာပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရန်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့်ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်တို့ကို တန်ဖိုးထားထိန်းသိမ်းပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများဖြစ်လာစေရန်၊ လူတစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက် ဖြစ်စေ မတူကွဲပြားမှုများကို နားလည်လက်ခံရန်၊ တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားပြီး ငြိမ်းချမ်းရေး အခြေခံအသိများနှင့်အညီ လက်တွေ့ကျင့်သုံးနေထိုင်တတ်စေရန်၊ မြန်မာနိုင်ငံသား တစ်ဦးဖြစ်ရသည့်အတွက် ဂုဏ်ယူတတ်စေရန်စတဲ့ ရည်မှန်းချက်များကို ဆရာ၊ ဆရာမများအနေဖြင့် သိထားရုံသာမက ကိုယ်တိုင်လိုက်နာကျင့်သုံးပြီး မိမိတို့၏တပည့်များကိုလည်း ပြန်လည်လက်ဆင့်ကမ်း ပြုစုပျိုးထောင်ပေးရမည့်သူများဖြစ်ကြောင်း၊ သင်တန်းကာလတစ်လျှောက်တွင် ဆရာ၊ ဆရာများက အားသွန်ခွန်စိုက် သင်ကြားလေ့ကျင့်ပေးသလို သင်ယူသူများကလည်း တစိုက်မတ်မတ် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းရင်းသား/သူများနှင့် သင်တန်းသား/သူများက သာယာလှပရာမည၊ ပြန်လာခဲ့ပါ၊ လောကအားမာန်၊ ဘက်စုံဦးတည် DEDC တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ပညာရေးကောလိပ်နှင့် ဖျော်ဖြေရေးအဖွဲ့များကို ငွေကျပ် (၇) သိန်းအားချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာ/မများနှင့် တိုင်းရင်းသားများ အား ရင်းရင်းနှီးနှီးလိုက်လံ နူတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)