ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား ဝတ်စုံများထောက်ပံ့

ဘားအံ ဇွန် ၁၀

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား ဝတ်စုံများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များဖြစ်ပြီး လူအများနှင့် အမြဲထိတွေ့ဆက်ဆံနေကြရသည့်အတွက် အများပြည်သူ၏ ယုံကြည်လေးစားမှုကို ရရှိရန်လိုကြောင်း၊ ပြည်သူအများ၏ ယုံကြည်အားကိုးမှုကိုရရှိရန် အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်ဆင်၍ နေထိုင်ပြောဆိုသည်မှ အစ စံနမူနာပြု ဖြစ်ဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၂၂) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များကိုယ်စား တပ်ဖွဲ့ခွဲမှူးထံသို့လည်းကောင်း၊ ဘားအံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကိုယ်စား ဘားအံခရိုင် ရဲတပ်ဖွဲ့မှူး ထံသို့လည်းကောင်း၊ ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များကိုယ်စား ရဲအကူ တပ်ဖွဲ့ခွဲမှူးထံသို့လည်းကောင်း စုစုပေါင်းငွေကျပ် ၅၅၃၀၀၀၀ (ငါးဆယ် ငါးသိန်းသုံးသောင်း) တန်ဖိုးရှိ ဝတ်စုံ ၁၅၈ စုံကို ထောက်ပံ့ပေးအပ်ရာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကျော်နိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့ဝင်များအား ရင်းနှီးနွေးထွေး စွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ စက်မှုဇုန်အနီးရှိ ဇွဲကပင်ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး သက်ကြီးအဘိုးအဘွားများအား အားပေးစကားများပြောကြား၍ အာဟာရဖြည့်စွက်အစား အစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ဘိုးဘွားရိပ်သာတွင် အဘိုးအဘွားတို့၏ဘဝ ရပ်တည်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ တရားဘာဝနာပွားများပြီး သောကကင်းဝေးနေထိုင်နိုင်ရေးအတွက် အကောင်းဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးထားကာ အဘိုး ၄ ဦး၊ အဘွား ၁၃ ဦး စုစုပေါင်း ၁၇ ဦး နေထိုင်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက အဘိုးအဘွားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး အာဟာရ ဖြည့်စွက်အစားအစာများနှင့် ဂါရဝပြုထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကြရာ အဘိုးအဘွားများက ဆုမွန်ကောင်းများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စားဖိုဆောင်၌ အဘိုးအဘွားများအတွက် နေ့စဉ်အာဟာရ ချက်ပြုတ်ကျွေးမွေးနေမှုအခြေအနေ၊ ဘိုးဘွားရိပ်သာ ပရိဝုဏ်အတွင်းရှိ အဆောက်အဦ များနှင့် ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်မှုရှိစေရေးနှင့် အဘိုးအဘွားများ မတောင့်မတမကြောင့် မကျဘဲ တရားဘာဝနာပွားများနိုင်စေရေး လှည့်လည်ကြည့်ရှုစစ်ဆေးကာ အဘိုးအဘွားများအား တစ်ပတ်တစ်ကြိမ်ခန့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးနိုင်ရေးနှင့် အခြားလိုအပ်သည် များအား ဖြည့်ဆည်းဆောင်ရွက်ပေနိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သီရိဟေမာ သီလရှင်စာသင်တိုက်တွင် ပြည်နယ် လမ်းဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ သီလရှင်စာသင်ဆောင်နှင့် အိပ်ဆောင် ခေါင်မိုး၊ မျက်နှာကျက် ပြုပြင်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သီရိဟေမာသီလရှင်စာသင်တိုက်တွင် ပညာသင်ယူနေသည့် သီလရှင်နှင့်ကျောင်းသူ စုစုပေါင်း ၁၀၀ ကျော်ရှိပြီး ၉၀ ပေ x ၂၅ ပေ စာသင်ဆောင်နှစ်ဆောင်နှင့် ၉၀ ပေ x ၂၅ ပေ သီလရှင်အိပ်ဆောင် နှစ်ဆောင်ခေါင်းမိုးနှင့် မျက်နှာကျက်များ ပျက်စီးယိုယွင်းနေသည့်အတွက် ဌာနဆိုင်ရာများက စုပေါင်းပြင်ဆင်လှူဒါန်းပေးခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က လိုက်လံကြည့်ရှုစစ် ဆေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)