တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်

ထားဝယ် ဇွန် ၁၀

ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်နှင့် နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၇)နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ဂေါက်ကွင်းအတွင်း၌ ၂၀၂၄-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်တို့က တက်ရောက်လာသူများအား သစ်ပင်ပျိုးပင်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကံ့ကော်ပျိုးပင်အား စတင်စိုက်ပျိုးပေးပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက သက်မှတ်ထားသောနေရာများတွင် ပျိုးပင်အမျိုးအစား (၇)မျိုး စုစုပေါင်း ပျိုးပင် (၈၂၉)ပင်အား တပျော်တပါးစုပေါင်းစိုက်ပျိုးပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

“သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တောသစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” စသည့် ဆောင်ပုဒ်နှင့်အညီ တိုးချဲ့လေယာဉ်ကွင်းဧရိယာအတွင်း၌ ကံ့ကော်၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ခရေ၊ သင်္ကန်း၊ တမလန်း၊ မန်ဂျန်ရှား စုစုပေါင်းသစ်ပင်ပျိုးပင် (၈၂၉)ပင်အား စိုက်ပျိုးပေးခဲ့ကြသည်။

ထားဝယ်ခရိုင်အတွင်းရှိသစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် မိုးရာသီ လူထုဖြန့်ပျိုးပင်များအား ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိပါကြောင်းနှင့် ပျိုးပင်များ ရယူစိုက်ပျိုးလိုပါက ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ ဆက်သွယ်ပြီး ပျိုးပင်များ ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)