ကရသူရိမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်

ကရသူရိ ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကျောင်းသား/ကျောင်းသူများအနေဖြင့် မူးယစ်ဆေးအစ ဆေးလိပ်/ကွမ်းယာ ဖြစ်၍ ၎င်းတို့ကို လက်တဲ့မစမ်းသင့်ကြောင်း၊ ထိုမှတစ်ဆင့် ဘိန်းဖြူမှုန့်၊ စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဆေးခြောက်ပင်၊ WY ဆေးပြား စသည်သို့ အဆင့်ဆင့် ပြောင်းလဲသုံးစွဲလာပုံတို့ကိုလည်းကောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးဖြတ်တောက်ပုံ၊ စာဖတ်ခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆို‌သောအားဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း/အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)