တောင်တွင်းကြီး ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်အပါး (၅၀၀၀)ရှင်ပြု အလှူပွဲကြီး အောင်မြင်စွာ ဦးဆောင်ကျင်းပခဲ့သည့် သဲဖြူ(မဟာမြိုင်)ဆရာတော်ဘုရားကြီး၏ သြဝါဒကိုခံယူ၍ ရှေးဟောင်းသမိုင်းဝင် ရွှေရောင်တော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းရှိ ကွင်းပြင်တွင် ပန်ထွာဘုရင်မနန်းဆောင် ဆောက်လုပ်နိုင်ရန် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၁၀)အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ သဲဖြူ(မဟာမြိုင်)ဆရာတော် ဘန္ဒန္တ ပညာဇောတထံမှ ရှစ်ပါးသီလခံယူဆောင်တည်ခဲ့သည်။
ဆက်လက်၍ ရတနာပန္နက်တော် စိုက်ထူပွဲကို ကျင်းပရာ သဲဖြူ(မဟာမြိုင်) ဆရာတော်ဘုရားကြီးနှင့် ရွှေရောင်တော် စေတီတော်မြတ်ကြီး၏ ဦးစီးပဓာန ဆရာတော်ကြီးများ၊ မကွေးခရိုင် အုပ်ချုပ်ရေးမှူး၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာတော်ကြီး၏ တပည့် ဒါယကာ၊ ဒါယိကာမများက ရတနာ ပန္နက်တော် စိုက်ထူမည့်နေရာတွင် နေ့နာမ်အလိုက် ရတနာပန္နက်တော် စိုက်ထူ၍ အမွှေးနံ့သာရေများ ပတ်ဖျန်းခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး (ပြန်/ဆက်)