ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ် ဇွန် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား/သူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြရန်စသည့် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသားရုပ်ပုံပြပုံပြင်စာအုပ်များ၊ ဓမ္မရုပ်ပြများနှင့် ပုံပြင်စာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူလေးများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို အပတ်စဉ်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)