ပန်းတနော်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ပန်းတနော် ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်စု (၂) အုပ်စုအား ထုတ်ချေးပေးလျက်ရှိသည်။

အဆိုပါ မိုစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာတွင် ယခင်နှစ် ချေးငွေများပြန်လည် ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးလျက်ရှိရာ မိုးစပါးအတွက် တစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀) နှုန်း၊ အခြားသီနှံများအတွက် တစ်ဧကလျှင် ငွေကျပ် (၁၀၀၀၀၀) နှုန်း ထုတ်ချေးပေးခြင်းဖြစ်ပြီး ဇွန်လ (၁၀) ရက်နေ့တွင် ပန်းတနော်မြို့နယ် ပသွယ်ကျေးရွာအုပ်စုနှင့် ဆင်လမ်းကြီး ကျေးရွာအုပ်စုရှိ တောင်သူ (၁၂၄) ဦးတို့၏ စပါးစိုက်ဧက (၉၈၇) ဧကအတွက် ချေးငွေကျပ် (၁၄၈၀.၅၀) သိန်းကို တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် စပါးစိုက်ဧက (၃၅၇၂၅) ဧကအတွက် ချေးငွေကျပ် (၅၃၅၈၇.၅၀) သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)