တမူး ဇွန် ၁၀
မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် တမူးမြို့တွင် ပြည်သူများဘေးကင်းလုံခြုံစွာ သွားလာနေထိုင်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်များ လုံခြုံမှုရှိစေရေး၊ မသမာသူ အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ငန်းများ မဖြစ်စေရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကိုရည်ရွယ်၍ တမူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်သူ ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက တမူးမြို့လူစည်ကားသည့် လမ်းဆုံလမ်းခွဖြစ်သည့် ဧရာဝတီဘဏ်အနီး ပြည်တော်သာလမ်းဆုံတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးနှင့်လက်နက်များ သယ်ဆောင်မှုမရှိစေရေး၊ ယာဥ်မောင်းသူများအား ယာဥ်စည်းကမ်းလမ်းစည်းကမ်းများကို လိုက်နာစေရေးတို့ အတွက် ရဲတပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှောင်တခင်ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးခြင်းလုပ်ငန်းများကို လူစည်ကားသည့် မီးသတ်လမ်းဆုံ၊ ပြည်တော်သာလမ်းဆုံ၊ ခြင်္သေ့၄ကောင်လမ်းဆုံ၊ ကံကြီးဝတံတားနှင့် မြို့ဝင်မြို့ထွက်ဖြစ်သည့် ဟဲဇင်းကျေးရွာနှင့် အင်းသာကြီးလမ်းဆုံရာလမ်းဆုံနှင့် ပါဟဲတံတားတို့တွင် နေ့စဥ်ဆောင်ရွက်လျက်ရှိပြီး အလားတူ ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ယာဥ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ရဲတပ်ဖွဲ့ဝင်များနှင့်ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရတနာ