အင်းတော်မြို့၌ မိုးရာသီသစ်ပင်များ စုပေါင်းစိုက်ပျိုး

အင်းတော် ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် မိုးရာသီသစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်၊ သစ်ထုတ်ရေး သစ်ဆိပ်မြေနေရာတွင် အင်းတော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ မိမိတို့သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများပျက်စီးပြုန်းတီးမှု မရှိစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝသစ်တောပတ်ဝန်းကျင်များ ပျက်စီးပြုန်းတီးမှုကို ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များကို ချစ်မြတ်နိုးသူများအနေဖြင့် သစ်ပင်များကို စိုက်ပျိုးလိုပါက မိမိတို့သစ်တောဦးစီးဌာနနှင့်ဆက်သွယ်၍ သစ်ပင်ပျိုးပင်များကို လာရောက်ယူငင် စိုက်ပျိုးနိုင်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးရဲမြင့်သန်းက ပြောပြခဲ့သည်။

အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အင်းတော်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနတို့က သစ်ပင်ပျိုးပင်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များကို အသီးသီးပေးအပ်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်နေရာများ၌ ကျွန်းပင်  (၂၀၀) ပင်၊ ကံ့ကော် (၁၀၀) ပင်၊ ခရေ (၁၀၀)၊ ဗံဒါ (၁၀၀)၊ မဟော်ဂနီ (၅၀)၊ ပျဉ်းကတိုး (၁၅၀) ပင် စုစုပေါင်း သစ်ပင်ပျိုးပင် (၇၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ