ပခုက္ကူ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မိုးကြိုကာလတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးရည်ရွယ်၍ ယနေ့နံနက် (၈) နာရီခွဲအချိန်က ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းနှင့်ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အသိပညာပေးနှိုးဆော်ယာဉ်ဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် မိုးကြိုကာလအတွင်းဖြစ်ပွားတတ်သည့် ရေကြီးခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းများအပါအဝင် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအကြောင်း၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် သတိပေးတားမြစ်ချက်များ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကာကွယ်တားဆီးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးဆိုင်ရာ ဖြစ်စဉ်နှင့်ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များအကြောင်းတို့ကို မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့်ခရီးသွားပြည်သူများထံ ကွင်းဆင်းအသိပညာပေး နှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ဘာမီသာ(ပခုက္ကူ)