စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် (PPTT)အမှတ်စဉ် (၁၁/ ၂၀၂၄) ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲ ကျင်းပ

စစ်ကိုင်း ဇွန် ၁၀

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁၁/၂၀၂၄) ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကောလိပ်ရှိ မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကြိုဆိုပွဲတွင် စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက ယနေ့ခေတ်မှာရှိနေကြသော ကျောင်းသား/ကျောင်းသူများအနေဖြင့် သစ်လွင်သော အသိပညာ၊ သဘောထားခံယူချက်တွေ လိုအပ်လာပါကြောင်း၊ ဆရာများသည် မှန်ကန်သော မိမိကိုယ်ကိုတန်ဖိုးထားသည့် စိတ်တွေရှိနိုင်မှ နောင်အနာဂတ်အတွက် ကျောင်းသား/ကျောင်းသူကလေးငယ်များကို သင်ကြားပြသသည့်အခါတွင် နိုင်ငံတော်အတွက်အားထားရမည့် သားကောင်း/သမီးမွန်များဖြစ်လာမှာဖြစ်ကြောင်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာမြင့်မားရေးအတွက် ဆရာအတတ်ပညာများရရှိပြီး ဆရာများမွေးထုတ်ပေးရန်၊ အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်ကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည်မြင့်မားသော လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ ဗလငါးတန်နှင့်ပြည်ဝသည့် နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ရန်အတွက် ဆရာ့တာဝန်များကို တန်ဖိုးထား၍ ဘာသာရပ်ကျွမ်းကျင်မှု၊ ဆရာ့အတတ်ပညာအရည်အသွေးမြင့်မားသည့် အခြေခံဆရာ/ဆရာမများဖြစ်လာစေရေး လေ့ကျင့်ပေးရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ယခုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ (PPTT)အမှတ်စဉ် (၁၁/ ၂၀၂၄)တွင် ကျောင်းသား/ကျောင်းသူ စာရင်းရှိ (၁၁၂)ဦးဖြစ်ပြီး လက်ရှိ တက်ရောက် ကျောင်းသား/ကျောင်းသူ (၁၀၅)ဦးရှိကြောင်းနှင့် လေးနှစ်ပုံမှန်သင်တန်း တက်ရောက်‌နေသည့် ကျောင်းသား/ကျောင်းသူ (၄၁၀) ဦးတို့မှာလည်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်