ပုသိမ် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT(၁၁/၂၀၂၄)သို့ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဦးစွာ တွေ့ဆုံပွဲအား သင်တန်းသား၊ သင်တန်းသူများက ဘိုကလေးပညာရေး ဒီဂရီကောလိပ် ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက် မိတ်ဆက်တင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်းတက်ရောက်ပြီးပါက မိမိတို့တာဝန်ကျရာဒေသအသီးသီးသို့ တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး ပညာရေးဒီဂရီကောလိပ်(၃)ခုတွင် PPTT (၁၁/၂၀၂၄)သင်တန်းများနှင့် လေးနှစ်သင်သင်တန်းများကိုဖွင့်လှစ်၍ ဆရာအတတ် ပညာများကို သင်ကြားပေးလျက်ရှိပါကြောင်း၊ ဘိုကလေး ပညာရေးဒီဂရီကောလိပ်တွင် PPTT (၁၁/၂၀၂၄)သင်တန်းသား၊ သင်တန်းသူ (၂၉၄)ဦးနှင့် လေးနှစ်သင် သင်တန်းသား၊ သင်တန်းသူ (၄၉၃)ဦးအား ဆရာအတတ်ပညာများ သင်ကြားပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းများအပါအဝင် စုစုပေါင်း ကျောင်းပေါင်း (၇၂၉၀)တွင် ဇွန်လ ၇ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၁)သိန်းတစ်သောင်းကျော် အပ်နှံတက်ရောက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကလေးငယ်များ၏ စံနမူနာပြ လက်ဦးဆရာများဖြစ်ပြီး စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံ၍ တပည့်များအား စွမ်းရည် သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးအတွက် သွန်သင်ဆုံးမပေးကြသူများဖြစ်ကြပါကြောင်း၊ ဆရာ၊ ဆရာမများသည်ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များနှင့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ ကျောင်းနေ အရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဥ်ဆက်မပြတ်အတန်းစဥ် ကူးပြောင်းမှုများရှိစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ သင်တန်းမှပို့ချ ပေးသည့်သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူ၍ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြရန်လိုကြောင်း" အမှာစကားပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် အလှူရှင်များ ပူးပေါင်းဆောက်လုပ်သော မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကျုံကနိကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား စာရေးကိရိယာ ပစ္စည်းများနှင့် ကရင်တိုင်းရင်းသားအကအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွေတံဆိပ်လေးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်သုံးခုရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်တွင် အဆင့်(၃) ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဂျူဒိုအသင်းအုပ်ချုပ်၊ နည်းပြနှင့် ကီလိုတန်းအလိုက် ဆုတံဆိပ်ရရှိသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၃)ခုရရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အဆင့်(၃) ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသ ကြီး ရေကူးအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိပြီး တိုင်းဒေသကြီးဂုဏ်ကိုဆောင်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆုတံဆိပ်ရရှိသည့် အားကစားသမားအနေဖြင့် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့အနေဖြင့်လည်း အောင်မြင်မှုများရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်" အမှာစကားများပြောကြားပြီး ဂျူဒိုပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ဂျူဒိုအသင်းအုပ်ချုပ်သူက လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့မှ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ အားကစားပစ္စည်းပေးအပ်ရာတာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ အလေးမနှင့် ကာယဗလလေ့ကျင့်ရေးစခန်း၊ ကြက်တောင်အားကစားခန်းမ၊ မြဧရာရေကူးကန်၊ ဖူဆယ်အားကစားကွင်းများတွင် အားကစားနည်းများအလိုက် လေ့ကျင့်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)