ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံနွေနှမ်း အထွက်နှုန်းတိုးတက်မြင့်မားရေး တောင်သူပညာပေးဆွေးနွေး

ပွင့်ဖြူ  ဇွန်  ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူဖွံ့ဖြိုးရေးအဖွဲ့က ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံများစိုက်ပျိုးရာတွင် စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေမည့် သီးနှံများ စနစ်တကျစိုက်ပျိုးလုပ်ကိုင်နိုင်စေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သည့် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့ သည်။

အဆိုပါ တောင်သူအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်(၇)ရပ်၊ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာ၌ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အဆင်ပြေစွာဝယ်ယူသုံးစွဲနိုင်ရေး စိုက်ပျိုးရေးကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှုအခြေအနေများ၊ မြေဆီလွှာ ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များ၊ စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေး အရည်အသွေးမြှင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး သိရှိလိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေသီးနှံ ရေသွင်း နှမ်းအထွက်နှုန်းကောင်းမွန်ရေး စိုက်ပျိုးဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် လုပ်ငန်းအားသာချက်၊ အားနည်းချက်များနှင့် အရည်အသွေးမြှင့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လုပ်ဆောင် သင့်သည့်အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးရာ တာဝန်ရှိသူများက ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြောကြားကာ နွေသီးနှံပေါ်ချိန်၌ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် သီးနှံများရောင်းချနိုင်ရေး တောင်သူသီးနှံ စုပေါင်းရောင်းချပွဲ ပြုလုပ်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း‌ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)