နတ်မောက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးများခပ်

နတ်မောက် ဇွန် ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မိုးရာသီကာအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပွားရေးတို့အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် အခြေခံပညာဦးစီးဌာနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဆရာမဒေါ်ခင်စန်းတင့်   ဦးဆောင်၍ ကျန်းမာရေး ဆရာ/ ဆရာမများနှင့် ကျောင်းသားတို့က ကျောင်းအတွင်းရှိ ရေအုတ်ကန်၊ ရေအိုး၊  ရေစင်၊ ကျောက်စည်နှင့် ရေဝပ်နေသောနေရာများတွင် အဘိတ်ဆေးခပ်ခြင်းနှင့် ကျောင်းခန်းများရှိ ဘုရားပန်းအိုးများအတွင်း ခြင်ပေါက်ဖွားနိုင်သည့် ပိုးလောက်လန်းများမရှိစေရေး ဘုရားပန်းရေလဲခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း