မြို့သစ် ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့ မြို့မစျေးကြီးအတွင်း၌ အပတ်စဥ်” တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အသိပညာပေး လုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းသဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ မြို့သစ်မြို့မဈေး အတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်သူများနှင့်တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုး ပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့် သာထုပ်ပိုးရောင်းချသွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေးဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်သူများအား သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ပလတ်စတစ် ပစ္စည်းလျော့ချနိုင်ရေး အစားထိုးအသုံးပြုနိုင်ရန် အင်ဖက်၊ စက္ကူတို့ကိုအခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြပြီး ဈေးဝန်းကျင်သန့်ရှင်းသာယာရေးအလေးထား ဆောင်ရွက်ရန် ဈေးတာဝန်ခံနှင့် ဈေးသူဈေးသားများကို မှာကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)