အင်းမမြို့၌ ကြက်​​ခြေနီအသင်း(ခွဲ)မှ​ ရှေးဦးပြုစုခြင်းအခြေခံအဆင့်သင်တန်းအမှတ်စဥ် (၁/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သဲကုန်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ​​ကျောင်းကြက်​​ခြေနီရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်းအမှတ်စဥ် (၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က အ​​ခြေခံပညာအထက်တန်းကျောင်း (အင်းမ)ရှိ သီတဂူခန်းမ၌ ကျင်းပ​ပြုလုပ်ခဲ့သည်။

ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲအခမ်းအနားတွင် အင်းမမြို့အုပ်ချုပ်​ရေးမှူး ဦးကောင်း​မြတ်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်မသန်းစိန်၊ မြို့နယ်​ကြက်​​​​​ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌဦးတင်ဦးနှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်စမ်းမာလာတို့က သင်တန်းဆင်းအမှာစကားများပြောကြား၍ ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်း သင်တန်းမှူးဦးမြင့်ကျော်က ကြက်ခြေနီရှေးဦးပြုစုခြင်း သင်တန်းအောင်မြင်အောင် ကူညီဆောင်ရွက်ကြသူများကို ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီး​မြှင့်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဇွန်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်ကြာဖွင့်လှစ်ခဲ့​ပြီး သင်တန်းသား၊ သင်တန်းသူ(၃၅)ဦးတက်ရောက်၍ သင်တန်းနည်းပြ(၈)ဦးမှ ရှေးဦးပြုစုခြင်းသဘောတရားများ၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်းများ၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ စို့နစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်းများ၊ အရိုးကျိုးခြင်းများနှင့်ပတ်တီးစည်းနည်းများ၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်းများ၊ အပူလောင်ခြင်း၊ အရည်ပူလောင်ခြင်း၊ သတ္တဝါများကိုက်ခြင်းနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်​ကြားပို့ချပေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)