ရွှေတောင် ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက မင်းတဲကျွန်းကျေးရွာအုပ်စုနှင့် ကွင်းယားကြီးကျေးရွာအုပ်စုတို့ရှိ တောင်သူများအား ထုတ်ချေးပေးခဲ့သည်။
ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်စိုးစိုးဦးက စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇)၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လိုအပ်ကြောင်း၊ ယခင်နှစ်များက ချေးငွေများ အပြေအကျေ ပြန်လည်ဆပ်ပြီးသည့် တောင်သူတစ်ဦးလျှင် လယ်တစ်ဧက ၁၅၀၀၀၀ နှုန်း၊ လယ် ၁၀ ဧကအထိ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မင်းတဲကျွန်းကျေးရွာအုပ်စုရှိတောင်သူ (၅) ဦး၏ လယ်ဧက (၂၇ )ဧကနှင့် ကွင်းယားကြီးကျေးရွာအုပ်စုရှိ တောင်သူ (၁၅၃) ဦး ၏ လယ်ဧက (၁၀၉၃)ဧက စုစုပေါင်းဧက (၁၁၂၀) ဧကအတွက် ချေးငွေကျပ် စုစုပေါင်း (၁၆၈၀)သိန်းကို စနစ်တကျထုတ်ချေးပေးခဲ့သည်။ ရွှေတောင်မြို့နယ်တွင် မိုးစပါးချေးငွေများကို ရပ်ကွက်/ကျေးရွာ (၄၉)ရှိ တောင်သူ (၆၃၀၀) ဦး၏ လယ်ဧက (၃၈၀၀)ဧကအတွက် ချေးငွေ စုစုပေါင်းငွေကျပ် (၅၇၀၀ )သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)