ကန့်ဘလူ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် သရက်သီးများ အများအပြားပေါ်ချိန် ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များအား သရက်ပြားပြုလုပ်ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သရက်ပြားပြုလုပ်ရောင်းချသူများထံမှ သိရသည်။
ယခုလိုကဲ့သို့ သရက်သီးများ အများအပြားပေါ်ချိန်တွင် ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များ၊ အမှည့်လွန်သရက်သီးများ(ပိုးကျသည့်သရက်သီးများမပါ)၊ ဝယ်သူစိတ်ကြိုက် ရွေးချယ်ဝယ်ယူပြီးကျန်ရှိနေသော သရက်သီးများအား အသားကိုခြစ်ယူ၊ ဒယ်အိုးထဲထည့်၊ မီးဖိုတွင်တင်ကာ မီးဖြင့်အပူပေး၍ အမြဲမပြတ်မွှေပေးရကြောင်း၊ မိမိစိတ်ကြိုက်ရရှိချိန်တွင် မီးဖိုမှချကာ အဆိုပါသရက်သားများကို မကပ်စေရန် ဆီသုတ်လိမ်းထားသည့် ပလပ်စတစ်ပေါ်သို့လောင်းချကာ ခပ်ပါးပါးဖြစ်အောင်ပြုလုပ်ပြီး နှစ်နေခန့်(နှစ်ရက်ခန့်)နေလှန်းခြင်းဖြင့် အနံ့အရသာနှင့်ပြည့်စုံသော သရက်ပြားများကိုရရှိကြောင်း သိရသည်။
ထိုသို့ပြုလုပ်ထားသော သရက်ပြားများကို ဒေသတွင်းအပြင် ပေါက်ခေါင်း၊ မြစ်သားသို့ ကားဖြင့် အဓိကတင်ပို့ရောင်းချကြောင်းနှင့် သရက်ပြား တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ရရှိကြောင်း အမှတ်(၄)ရပ်ကွက်နေ သရက်ပြားပြုလုပ်ရောင်းချသူတစ်ဦးထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)