မြောင်းမြ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပြည်နယ်နှင့်တိုင်း ဂျူဒိုပြိုင်ပွဲတွင် ရွှေ(၄)ဆု၊ ငွေ(၄)ဆုနှင့် ကြေး(၃)ဆုဖြင့် အဆင့်(၃)ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ပြည်နယ်နှင့် တိုင်းရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းရေကူးအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဂျူဒိုအားကစားသမားများက မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဂျူဒိုအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း(၄၀၀၀၀၀၀)ကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ရေကူးအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားအပြီးတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်များက မြောင်းမြမြို့နယ် အားကစားခန်းမရှိ အလေးမအားကစားရုံ၊ ကြက်တောင်ရိုက်၊ ရေကူးကန်နှင့် ဖူဆယ်ဘောလုံးကစားကွင်းများသို့ သွားရောက်ပြီး လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)