မုံရွာ ဇွန် ၉
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က လက်ရှိမြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသား/အမျိုးသမီးအသင်းအား အင်အားဖြည့်နိုင်ရန် အလားအလာရှိသည့် သွေးသစ်လူငယ် အမျိုးသား/အမျိုးသမီးဖူဆယ်အားကစားသမားများ ပေါ်ထွက်ရရှိရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းဒေသအနှံ့အပြားမှ လူငယ်အမျိုးသား/အမျိုးသမီး သွေးသစ်ဖူဆယ်အားကစားသမားများ မွေးထုတ်နိုင်ရေး ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပြိုင်ပွဲမှနေပြီး ထူးချွန်သည့် အားကစားသမားများအား ရွေးချယ်စခန်းသွင်းလေ့ကျင့်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည့်အတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် မိမိဘဝအတွက် ရည်မှန်းချက်ပန်းတိုင်များထားပြီး မိမိ၏ ခြေစွမ်းခြေစ အရည်အချင်းအားပေါ်လွင်အောင် အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရည်အချင်းပြည့်ဝသည့် တိုင်းဒေသကြီးနှင့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားပြီး ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲဝင်အားကစားအသင်းများမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အဖွင့်ပွဲစဉ်အဖြစ် မုံရွာခရိုင်အသင်းနှင့် စစ်ကိုင်းခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြပြီး မုံရွာခရိုင်အသင်းမှ စစ်ကိုင်းခရိုင်အသင်းအား အနိုင်ရရှိသွားသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲအား ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့အထိ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၂)ခရိုင်မှ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အားကစားသမား ၁၉၀ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)