ကျိုက်လတ် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က “ပညာရေးဆိုတာဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အသိပညာအလေ့အထများ ဓလေ့ထုံးတမ်းများ၊ လူသားတို့၏ရုပ်ပိုင်းဆိုင်ရာအသိပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စနစ်ကျသောလုပ်ငန်းစဉ်ဖြစ်ကြောင်း ဝန်ထမ်းများ၏ သား၊ သမီးများအား ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ပညာရေးမှာ ထူးချွန်ထက်မြက်သည့် ပညာတတ်များဖြစ်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း” ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီး (၈၃)ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများဖြစ်ကြသော တက္ကသိုလ်တက်ရောက်နေသည့် ဝန်ထမ်းသား၊ သမီး (၁၆)ဦးအား တစ်ဦးလျှင် ပညာသင်ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်(၁၅)အုပ်နှင့် ပညာသင်ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်(၁၂)အုပ်နှင့် ပညာသင်ထောက်ပံ့ငွေ(၁၅၀၀၀)ကျပ်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၄)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်(၆)အုပ်နှင့် ပညာသင်ထောက်ပံ့ငွေ (၁၀၀၀၀)ကျပ်တို့ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းသားသမီးများအတွက် ထောက်ပံ့ငွေကျပ်(၁၃၈၅၀၀၀)နှင့် စာရေးကိရိယာပစ္စည်း တန်ဖိုးငွေကျပ်(၃၂၅၀၀၀)၊ စုစုပေါင်း(၁၇၁၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်