လှိုင်းဘွဲ ဇွန် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးကင်းစင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လေထုညစ်ညမ်းမှုလျှော့ချကာကွယ်စေရေး ရည်ရွယ်ချက်ဖြင့် World Bicycle Day အထိမ်းအမှတ် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က လှိုင်းဘွဲမြို့အဝင်ပန်းခြံရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအပျော်စီးစက်ဘီးစီးပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အား/ကာဦးစီးမှူး ဒေါ်မိနန္ဒာမွန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
World Bicycle Day အထိမ်းအမှတ်စက်ဘီးစီးပြိုင်ပွဲအား နံနက် ၈ နာရီအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက သေနတ်ပစ်ဖောက်၍ တာလွတ်ပေးခဲ့ပြီး အပျော်တမ်းစက်ဘီးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြသော စက်ဘီးစီးအားကစားသမားများက လှိုင်းဘွဲမြို့မှ ကော့လှိုင်း-ဝင်းစိန်-တောင်ခြေရင်း-ကော့ဝန်း-ကမော့ကချူး-လှိုင်းဘွဲ့ မော်တော်ကားပတ်လမ်းအတိုင်း စီးနင်းယှဥ်ပြိုင်ခဲ့ကြရာ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်တွင်ပန်းဝင်ခဲ့ကြပြီး ပြိုင်ပွဲဝင်စက်ဘီးစီးအားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ တစ်ဦးလျှင် ငွေ (၁၀၀၀၀) ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ စက်ဘီးစီးပြိုင်ပွဲအား ဘားအံမြို့မှ စက်ဘီးစီးဝါသနာရှင်များနှင့် လှိုင်းဘွဲမြို့နယ်မှ စက်ဘီးစီးဝါသနာရှင်များစုပေါင်း၍ စက်ဘီးစီးပြိုင်ခဲ့ကြပြီး စက်ဘီးစီးဝါသနာပါသူ လူငယ်လူရွယ် စုစုပေါင်း (၁၀၃) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)