ကျိုက်လတ် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျိုက်လတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သာမန်သင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ကြက်ခြေနီအသင်းနာယက ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးရဲမြင့်လှိုင်က ကြက်ခြေနီ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယခရိုင်တပ်ဖွဲ့မှူး ဦးသက်နိုင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ၂ဝ၂၄ ခုနှစ်အတွက် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ “လူသားချင်း စာနာမှု အစဉ်ရှင်သန်ရေး၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” ဖြစ်၍ ယနေ့ကမ္ဘာပေါ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အရေးပေါ်အခြေအနေများတွင် ကြက်ခြေနီအခြေခံမူ (၇) ချက်မှ လူသားချင်းစာနာထောက်ထားခြင်း ဆိုသည့်အချက်ကို ရပ်ရွာလူထုအားလုံးထံ ပျံ့နှံ့ရောက်ရှိ ဆောင်ရွက်ကြပြီး ကြက်ခြေနီအသင်းသားအားလုံးတို့သည် အရေးပေါ်အခြေအနေကို ကူညီနိုင်ရန် အခြေခံသင်တန်းများ၊ အရေးပေါ်အသက်ကယ်နည်းတို့ကို စနစ်တကျလေ့ကျင့်သင်ထားကြရန်၊ လူသားတိုင်းကိုခွဲခြားမှုမရှိ နှလုံးသားဖြင့်ဖေးမကူညီကြရန် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ အကြံပေးဆရာကြီး ဦးစိန်ဝှီးက အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့အား သင်တန်းဆင်းလက်မှတ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ပြီးနောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးခင်စိုးက ကြက်ခြေနီအသင်းခွဲအနေဖြင့် သင်တန်းဖွင့်လှစ်ခွင့်ရရှိသည့်အတွက် ပံ့ပိုးကူညီသူများနှင့် တက်ရောက် လာကြသူများအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်