ဘားအံ ဇွန် ၉
ဒေသတွင်းဖြစ်ပျက်နေသည့် အကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်နေမှုများကို အချိန်နှင့်တပြေးညီ အများပြည်သူသိရှိနိုင်ရေးအတွက် သတင်းရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နည်းပြများ သင်ကြားပြသပေးလိုက်သည့် သတင်းရေးသားနည်းသင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ဖြစ်စေရန် ဆက်လက်ကြိုးစားလေ့လာပြီး မိမိတို့၏အရည်အသွေးကို မြှင့်တင်ကာ ပြည်သူကိုဗဟိုပြု၍ စိတ်ရင်းစေတနာကောင်းများဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်တို့က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသောအဖွဲ့များအား ဂုဏ်ပြုဆုများ၊ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်နှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ သင်တန်းသားများအား ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ယနေ့ သင်တန်းဆင်းပွဲတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ် ဓာတ်ပုံအသင်းနာယကနှင့် မြန်မာ့အလင်းသတင်းစာတိုက် စာတည်းမှူးချုပ်တို့က သတင်းဓာတ်ပုံရိုက်ကူးနည်းနှင့် သတင်းရေးသားနည်းတို့ကို ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ စာတွေ့၊ လက်တွေသင်ကြားပို့ချပေးခဲ့ကာ သင်တန်းဆန်းစစ်ချက်များ ဆောင်ရွက်၍ သင်တန်းထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)