ပခုက္ကူ ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး က လုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချီရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသောဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီဖြစ်ရေး၊ ထုတ်လုပ်ဖြန့်ချီထားသော ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် အာမခံချက်ပေးနိုင်ရေး၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်ပြီး ရှင်းလင်းတိကျစွာဖော်ပြပေးရေး၊ စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်ပစ္စည်းများဖြစ်ရေး၊ စားသုံးသူ ပြည်သူများ၏နစ်နာမှုများအတွက် ကုစားခွင့်ပေးနိုင်ရေးစသည့် အကြောင်းအရာများကို အသိပညာပေးရှင်းလင်း ဟောပြောသည်။
ယင်းနောက် ပခုက္ကူမြို့နယ်အတွင်းမှ လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းအလိုက် ထုတ်လုပ်ဖြန့်ချီထားသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအခြေအနေများအကြောင်းတို့ကို အသီးသီးရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)