ကြံခင်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို ဦးဆောင်မှုဖြင့် ဘက်ရဲတိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများက အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်အတွင်းရှိ ပြည်သူများ ခြင်အန္တရာယ်ကင်းဝေးစေရန်နှင့် ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊ ရေတင်ကျန်နိုင်သော အိုးခြမ်းပဲ့နှင့် ဘူးခွက်များ၊ ရေပုံး၊ ရေအိုးဟောင်းများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီး ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများအား အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)