ကျောင်းကုန်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဖလားရရှိလာသည့် ကျောင်းကုန်းမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မကြာမီကျင်းပမည့် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်အတွက် ထူးချွန်သည့် အားကစားသမားများ ရွေးချယ်ရန် ယခုကဲ့သို့ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ အသက် (၂၅) နှစ်အောက်မှသည် ရှေ့ဆက်လက်အောင်ပွဲများ ရရှိအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်အားကစားမှူး ဦးထွန်းထွန်းဝင်းက လူရွေးချယ်ရခြင်းအကြောင်းနှင့် ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့ တံခွန်စိုက်ဖလား လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)