ကျွန်းလှ၌ ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ

ကျွန်းလှ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဦးကြည်ဝင်း၏ ယာမြေ(၃)ဧက၌ ယနေ့နံနက် ၇ နာရီက ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပခဲ့သည်။

ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက တောင်သူများအား ဒေသရာသီဥတုနှင့်ကိုက်ညီပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်သည့် ဈေးကွက်ဝင်အထွက်နှုန်းကောင်းမျိုးများစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်စနစ်တကျသုံးစွဲရေးတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တောင်သူများအား မုံရွာရွှေဒင်္ဂါး ပဲစင်းငုံမျိုးအိတ်များ ဖြန့်ဝေပေးပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက လက်တွေ့စိုက်ပျိုးပြသကြသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အကျိုးဆောင်တောင်သူများ တက်ကြသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ (၁၁၅၄) ဧက စိုက်ပျိုးရန်လျာထားပြီး၊ ဇွန်လဆန်းပိုင်းက စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို