သရက် ဇွန် ၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်မိခင်နှင့် ခလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ကျောင်းသားများနှင့် ဆရာ၊ ဆရာမ များ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သရက်မြို့နယ်မှူး ရဲမှူးစန်းဦးက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် မှုခင်းဆိုင်ရာများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများအကြောင်းဟောပြောရာတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာ (၂) ရပ်၊ နည်းဗျူဟာ (၃) ရပ်၊ မူးယစ်ဆေးစတင်သုံးစွဲဖြစ်အောင် ဘယ်လိုအကြောင်းအရာတွေက လှုံ့ဆော်ပေးသလဲ၊ မူးယစ်ဆေးစွဲရခြင်း အကြောင်းရင်းနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်သည့် ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဖွင့်လှစ်ထားခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)