မင်းဘူး(စကု)မြို့နယ် နန်းတော်ကုန်းကျေးရွာ တောင်ပေါ်ရတနာဒီပံဓမ္မစကူးလ် ဗုဒ္ဓဘာသာ သင်တန်း သင်ယူပြီးမြောက်ကြောင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကျင်းပ

မင်းဘူး  ဖေဖော်ဝါရီ  ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာအုပ်စု၊ တောင်ပေါ် ဦးနက္ခတ်ဘုရားဓမ္မာရုံ၌ ရတနာဒီပံဓမ္မစကူးလ် ဗုဒ္ဓဘာသာ သင်တန်းကျောင်း သင်ယူ ပြီးမြောက်ကြောင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ နမောတဿ သုံးကြိမ်ဘုရားရှစ်ခိုး၍ အခမ်းအနားဖွင့်လှစ်ပြီး မင်းဘူးစကုမြို့နယ် ဓမ္မစကူးလ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဆရာတော် အရှင်နာယကမှ ငါးပါးသီလနှင့် ဩဝါဒကထာ မိန့်ကြားချီးမြှင့်ကာ ဓမ္မစကူးလ်ကော်မတီအတွင်းရေးမှူး ဆရာတော်သာသနမာမက အရှင်သုမနစာရမှ ဓမ္မစကူးလ်အကြောင်း အသိပေးရှင်းလင်းမိန့်ကြားခဲ့သည်။

ဆရာတော်များအား ထောက်ရှာပင်ကမ်းနီရေနံမြေ အထွေထွေမန်နေဂျာကြီး အမှူးပြုသော သယ်ပို့စက်ပြင် အင်ဂျင်နီယာမှူး ဦးဉာဏ်ဝင်းနှင့် ဝန်ထမ်းများက လှူဖွယ်ဝတ္ထုများဖြင့် ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် အပတ်စဉ်ရက်မပြက်သည့် ကျောင်းသား၊ ကျောင်းသူ လေးများအား ဆုချီးမြှင့်ခြင်း၊ ကျောင်းတက်ရက်မပြက်အောင် ပို့ဆောင်ကူညီပေးသော မိဘများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊ ဆရာတော်၊ ဆရာ၊ ဆရာမများအား သင်ကြားရေး ဂုဏ်ပြုဆုနှင့် အမှတ်တရလက်ဆောင်ကို ကမ်းနီရေနံမြေမန်နေဂျာ၊ သယ်ပို့စက်ပြင် မန်နေဂျာနှင့် ဆရာတော် သံဃာတော်များမှ ဆုပေးအပ်ချီးမြှင့်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ် ဓမ္မစကူးလ်ကော်မတီအဖွဲ့နာယက ပိုက်သင်ကျောင်းဆရာတော် အရှင်ကုသလက လှူဒါန်းမှုအစုစုတို့အား ရေစက်ချအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ညီညာစွာ ရွက်ဆိုအဓိဌာန်ပြုရုပ်သိမ်းကာ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိတ်သတ်တို့အား၊ ဧည့်ခံကျွေးမွေး လှူဒါန်းကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)