မကွေး ဇွန် ၉
၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် မကွေးမြို့နယ်အသင်းနှင့် ပခုက္ကူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ မကွေးမြို့နယ်အသင်းက ဆယ်တစ်ဂိုးပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသား၊ အမျိုးသမီး အကောင်းဆုံး ဂိုးသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ ပူးတွဲ တတိယဆု၊ ဒုတိယဆုနှင့် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ပထမရရှိသည့် မကွေးမြို့နယ်အသင်းအား ဆုဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများကို အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက လည်းကောင်း၊ အမျိုးသားဖူဆယ်ပြိုင်ပွဲ ပထမရရှိသည့် မကွေးမြို့နယ်အသင်းအား ဆုဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေရန်နှင့် တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားများမှတစ်ဆင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် ဖူဆယ်အားကစားသမားကောင်းများ ထွက်ပေါ်လာစေရေးအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အသင်း (၁၉)သင်းက အုပ်စုပတ်လည်ကစား၍ ဇွန်လ ၁ ရက်နေမှ ၈ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ညီညာ