ဝါးခယ်မမြို့နယ် အောက်ပေကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က အောက်ပေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး အစီအမံများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကျောင်းနေအရွယ်ကလေးများကျောင်းအပ်နှံနိုင်ရေးကိစ္စရပ်များ၊ ပန်းခင်း (၃) စီမံချက်ဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာကိစ္စရပ်များအား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန်လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ လိုအပ်သောတင်ပြလာမှုအပေါ် သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)