ပခုက္ကူ ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ မွေးကင်းစကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ ဝင်းသူရမြင့်ဦးဆောင်၍ သူနာပြုဆရာမများက ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ(၁)နှင့် (၂)အပါအဝင် ဆေးထိုးစုရပ်ခြောက်ခု၌ ၂၀၂၄ ခုနှစ် ဇွန်လ၁ရက်နေ့မှစတင်ပြီး မွေးကင်းစမှအသက်(၁၈)လအတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်ကြရာ ဇွန်လ ၇ ရက်နေ့အထိ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်း ၁၉၈၆ ဦးတို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသည့် အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေးငယ် ၃၄၈၈ ဦးတို့ကိုလည်း ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)