ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေး

ဘားအံ ဇွန် ၉

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန် လူတိုင်းသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံကာ လိုအပ်သော ရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ လက်လှမ်းမီရရှိခြင်းဖြင့် ကျန်းမာသက်ရှည်စွာနေထိုင်နိုင်စေရေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများသည် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင် ရွက်ပေးခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ဘားအံပြည်သူ့ဆေးရုံကြီးကို ကုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ်မှ ကုတင် ၅၀၀ ဆံ့ပြည်သူဆေးရုံသို့ အဆင့်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဓိကကျသည့် လူသားအရင်းအမြစ်များ လုံလောက်မှုရှိပါက တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်ချိန် တွင်လာရောက် ကြည့်ရှုစောင့်ရှောက်ကူညီပေးကြသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်းပြောကြားပြီး အထူးကု ဆေးကုသရေး အစီအစဉ်အတွက် ငွေကျပ် ၂၂၁၈၅၀၀၀ (နှစ်ရာနှစ်ဆယ့်တစ်သိန်းရှစ်သောင်းငါးထောင်)ကို ပေးအပ်လှူဒါန်းသည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ဆေးပညာအထူးကု၊ နှလုံးဆေးကုအထူးကု၊ ဦးနှောက်နှင့် အာရုံကြောဆေးကုအထူးကု၊ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု၊ ကင်ဆာဆေးပညာအထူးကု၊ ရင်ခေါင်းဆေးကုအထူးကု၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကု၊ ကလေးအာရုံကြောဆေးကုအထူးကုဆရာဝန်ကြီးများပါဝင်ကြပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများအား လိုအပ်သောရောဂါရှာဖွေစမ်းသပ်မှုများနှင့်ကုသမှုများကို ဆောင်ရွက်ပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လာရောက်ပြသကုသမှုခံယူကြသော ဒေသခံပြည်သူများကို အားပေးစကားပြောကြားကာ နေ့လည်စာအဟာရများ လှူဒါန်းထောက်ပံ့ခဲ့ကြသည်။

ယခုအထူးကုဆေးကုသရေးအစီအစဉ်ကို ဇွန်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် အထူးကုဆရာဝန်ကြီးများက နှစ်ရက်ကြာကုသမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏စာရင်းများအရ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် ကြိုတင်စာရင်းပေးပို့ကောက်ခံရရှိထားသူပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)