စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၇၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ

မင်းဘူး ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (စကု)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၇၀ ဦး  အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စကုမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်ဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (စကု)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မင်းဘူးခရိုင် အတွင်းရှိ မြို့နယ်များနှင့် တိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ်များမှ Grade-9 ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ပထမနှစ် Grade-10 ၌ စက်မှုဘာသာရပ်တွင် ၄၉ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ၁၆ ဦးနှင့် မွေးမြူရေးဘာသာရပ်တွင် ၅ ဦး၊ ဒုတိယနှစ် Grade-11 ၌ စက်မှုဘာသာရပ်တွင် ၆၉ ဦး၊ စိုက်ပျိုးရေး ဘာသာရပ်တွင် ၂၅ ဦးနှင့် မွေးမြူရေးဘာသာရပ်တွင် ၆ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၇၀ ဦးက အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား လျက်ရှိကြောင်း၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအတွက်  (၁၇၄ ပေ x ၃၂ ပေ) အရွယ်အစားရှိ RCC သုံးထပ်ဆောင် တို့ချဲ့ကျောင်းဆောင်သစ်ကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် တိုးချဲ့ဆောက်လုပ်ပေးထားပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်က ပြောသည်။

နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး မေဂျာဘာသာရပ်များနှင့် ကျောင်းသင်ဘာရပ်များကို (၃)နှစ်ကြာ စာတွေ့၊ လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများကို အသုံးပြု၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် နည်းပြ ဆရာ၊ ဆရာမများက စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းတွင်း သတ်မှတ်ချက် အရည်အချင်းများနှင့်ကိုက်ညီပြီး တက်ရောက်ပြီးစီးအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်ထားသော တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများတွင် လွယ်လင့်တကူ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ရရှိစေ နိုင်မှာဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)