ပြည်မြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပြည် ဇွန် ၈

ပြည်ခရိုင်သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ပြည်မြို့ ခေတ္တရာမွေးမြူရေးဇုန်အနီး တုံးရေသစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၆)၌ကျင်းပရာ ရှေးဦးစွာဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့်ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က တာဝန်ရှိသူများထံ ပျိုးပင်များ စိုက်ပျိုးရန်ပေးအပ်သည်။

ယင်းနောက်ဒေသကွပ်ကဲရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက တက်ရောက်လာသော ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဒီဂရီကောလိပ်(ပြည်)နှင့် အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၈၀၀)ခန့်နှင့်အတူ ရေတမာ၊ ဒန့်ဒလွန်၊ သရက်၊ ကြောင်လျှာ၊ ပေါက်ပန်းဖြူနှင့် ပိန္နဲအပါအဝင်သီးပင်၊ စားပင်၊ အရိပ်ရပင်မျိုးစုံ ပျိုးပင်ပေါင်း (၁၅၄၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)