ရွှေတောင် ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း သား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း မိသားစုများမှသား/သမီးများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားရာတွင် ထူးချွန်ထက်မြက်သည့် ပညာတတ်လူငယ်များဖြစ်ထွန်း ပေါ်ပေါက်လာစေရေးအတွက် မိဘများမှ အကောင်းဆုံးကြိုးစား၍ ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့် ဝန်ထမ်းများ၏သားသမီးများ ပညာရည်မြင့်မားတိုးတက်စေရေးအတွက် နှစ်စဉ် စဥ်ဆက်မပြတ် ဆက်လက်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပေးအပ်ရာတွင် တက္ကသိုလ်အဆင့် ကျောင်းသား/ကျောင်းသူ(၃)ဦးအား တစ်ဦးလျှင် (၅၀၀၀၀)ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၅)ဦးအားတစ်ဦးလျှင် (၄၀၀၀၀)ကျပ်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄) ဦးအားတစ်ဦးလျှင် (၃၀၀၀၀) ကျပ်၊ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ(၂၀)ဦးအား တစ်ဦးလျှင်(၂၀၀၀၀)ကျပ်နှင့် စာရေး ကိရိယာ တန်းဖိုး(၅၃၀၀၀)ကျပ် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၂)ဦးအား စုစုပေါင်း တန်ဖိုး (၉၂၃၀၀၀/-) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန် /ဆက်)