စလင်းမြို့နယ် မိုးဝန်းကျေးရွာအုပ်စု မဲဇလီဆည်ရေသောက်စနစ်ဖြင့် နွေနှမ်းအောင်မြင်ဖြစ်ထွန်း၍ စတင်ရိတ်သိမ်းစျေးကောင်းရရန် မျှော်လင့်

စလင်း ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မိုးဝန်းကျေးရွာအုပ်စုရှိ တောင်သူအများအပြားနှင့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သည့် တောင်သူအများစုသည် စားသုံးဆီ ဖူလုံရေးအတွက် နွေနှမ်းကို အများအပြား စိုက်ပျိုးလုပ်ကိုင်ကြရာ မိုးဝန်းကျေးရွာအုပ်စုမှ တောင်သူ ဦးသိန်းရွှေ စိုက်ပျိုးသည့် ဂျပန် နွေနှမ်းအဖြူ  (၃)ဧကစိုက်ပျိုးရာ  အောင်မြင်ဖြစ်ထွန်း၍  စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း  သိရသည်။

မိုးဝန်းကျေးရွာအုပ်စု တောင်သူ ဦးသိန်းရွှေ  စိုက်ပျိုးသည့် နွေနှမ်း (ဂျပန်နှမ်းဖြူ) (၃) ဧက၊ စိုက်ပျိုးရာတွင် ထယ်ရေး၊ ထွန်ရေး ပြုလုပ်ရေးအတွက် မဲဇလီဆည်မှ ရေကို အသုံးပြု၍  စိုက်ပျိုးရသည့်နွေနှမ်းဖြစ်သည့်အတွက်  စိုက်ခင်းကို စနစ်တကျ  စိုက်ပျိုးနိုင်ရေး၊ အပင်ဖြစ်ထွန်းမှု ကောင်းမွန်နိုင်ရေး တစ်ဧက ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်  ပူးပေါင်း၍ နည်းပညာရယူ၍  စိုက်ပျိုးထားကြောင်းဖြင့်  စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှ စားသုံးဆီကို ပြည်သူအများ ပြည့်ဝစွာ စားသုံးနိုင်ကြစေရန်နှင့် သီးနှံဝင်ငွေတိုးစေရန်အတွက် စလင်းတမံ၊ မဲဇလီဆည်ရေနှင့် မြေအောက်ရေကို အသုံးပြု၍ နွေနှမ်းအား ပိုမိုစိုက်ပျိုးလာကြရာ စလင်းမြို့နယ်အတွင်း  နွေနှမ်းစိုက်ဧက (၃၂၄၀၈) ဧက စိုက်ပျိုးပြီးစီးခဲ့ရာ သတ်မှတ်လျာထားဧကထက်  ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ နေရာဒေသအလိုက် မြို့နယ်အသီးသီးနှင့် စလင်းမြို့နယ်တို့တွင်  ၂၀၂၄ ခုနှစ်တွင် ရာသီဥတု ကောင်းမွန်၍ နွေနှမ်းနှင့် သီးနှံမျိုးစုံ ကောင်းမွန်ကြောင်း၊ ယခုနွေနှမ်း စိုက်တောင်သူ ပြောပြချက်အရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်  မိုခါမုန်တိုင်း ကျရောက်ခဲ့ပြီး နေရာဒေသအလိုက် ပျက်စီးဆုံးရှုံးခဲ့ကြသော်လည်း မိမိတို့ နွေနှမ်း (၃) ဧက စိုက်ပျိုးခဲ့ရာ  (၂၈)တင်း ထွက်ရှိခဲ့၍  ယခုနှစ်တွင်  ရာသီဥတုကောင်းမွန် မည်ဆိုပါက နွေနှမ်းတင်း (၃၀မှ၃၅) တင်းထွက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း ယခင်နှစ်တွင် နွေနှမ်းတစ်တင်းလျှင် (၉၅၀၀၀) ကျပ်ဖြင့်  ရောင်းချခဲ့ရပြီး  ယခုနှစ်တွင် တစ်တင်းလျှင် ကာလပေါက်စျေး  ၁၃၀၀၀၀ ကျပ်ရှိ၍  တောင်သူများအဖို့ စျေးကောင်းရရန် မျှော်လင့်ကြောင်း နွေနှမ်းစိုက်တောင်သူ ဦးသိန်းရွှေ ပြောပြချက်အရ သိရသည်။

(မောင်လွင်)စလင်း