တောင်ငူ ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးဆီဖြန့်ဖြူးနေမှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းစျေး အပေါ်သယ်ယူစရိတ်ပေါင်း၍ (၂ %) အမြတ်ဖြင့်ရောင်းချရန်၊ စားသုံးဆီများကိုသတ်မှတ်စျေးနှုန်းဖြင့် သာရောင်းချကြစေရန်၊ သတ်မှတ်အရေအတွက်နှင့် အလေးချိန် ပြည့်ဝစွာရောင်းချရန်နှင့် စားသုံးဆီများကိုစျေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ စျေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တောင်ငူခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက လုပ်ငန်းအခက်အခဲများနှင့် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တောင်ငူခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)