မိုးညို ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှု မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့မှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များစုပေါင်း၍ မိုးညိုမြို့၊ မြို့မရပ်ကွက်အတွင်း နေအိမ်များရှိ ရေတွင်း၊ ရေကန်၊ ကျောက်စည်ပိုင်း၊ ရေအိုး အစရှိသည်တို့တွင် ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးများခပ်ခြင်း၊ ရပ်ကွက်နေ ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး(ဖုံး၊သွန်၊လဲ၊စစ်) အသိပညာပေးခြင်း လုပ်ငန်းများကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)