ထားဝယ် ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီးပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဥပဒေအသိပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးအုန်းသန်းက သင်တန်းကာလမှာ ရက်တိုသင်တန်းဖြစ်သော်လည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ သင်တန်းသားဆရာမများကို ထုတ်ပေး ထားသောသင်တန်းမှတ်စုသည် အကျဉ်းချုပ်ဖြစ်သော်လည်း သက်ဆိုင်ရာဥပဒေကို ဆက်လက်လေ့လာပြီး ကျောင်းသား လူငယ်များနားလည်နိုင်သော သင်ကြားမှုပုံစံဖြင့် သင်ကြားပေးစေလိုကြောင်း၊ ဤသင်တန်းသည် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုသော သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြသော ဆရာမများအနေဖြင့် မိမိတို့၏ ကျောင်းသားလူငယ်များကို ဥပဒေအသိပညာ လက်ဆင့်ကမ်းခြင်းဖြင့် ကျောင်းသားလူငယ်များသည် ကျောင်းပညာ ရေးအပြင်အမျိုးသားရေး စိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံကောင်းများရရှိပြီး စည်းကမ်းကို လေးစားတန်ဖိုးထားသော နိုင်ငံသားကောင်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ်က သင်တန်းသားဆရာမများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)