ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၈

ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ယမန်နေ့ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်ပရိသတ်များက ပဲခူးခရိုင်ဘောလုံးအသင်းနှင့် သာယာဝတီခရိုင် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ရာ ပဲခူးခရိုင်ဘောလုံးအသင်းက သာယာဝတီခရိုင် ဘောလုံးအသင်းအား (၂)ဂိုး(၁)ဂိုး အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲနေ့ပွဲစဉ်တွင် အကောင်းဆုံး အားကစားသမားဆု(Man of the Match)ရရှိသူ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသူ၊ အကောင်းဆုံးနောက်တန်းဆုရရှိသူ၊ အကောင်းဆုံးအလယ်တန်းဆုရရှိသူ၊ အကောင်းဆုံးရှေ့တန်းဆုရရှိသူနှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူတို့အား ပဲခူးတိုင်းဒေသအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ဝန်ကြီးများကလည်းကောင်း၊ တတိယဆုရရှိသော နတ်တလင်းခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသော သာယာဝတီခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်ကို စီးပွားရေးရာ ဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးခရိုင်ဘောလုံးအသင်းအား တစ်ချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပထမရရှိသော ပဲခူးခရိုင်ဘောလုံးအသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်ကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပေးအပ်ချီးမြှင့်ပြီး အားကစားသမားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)