ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) သို့ တက်ရောက်

ဟားခါး ဇွန် ၈

ချင်းပြည်နယ် အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယမန်နေ့ ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် MSME အေဂျင်စီအဖွဲ့တွင် ပါဝင်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSME) လုပ်ငန်းသည် နိုင်ငံတော်အစိုးရက ဦးစားပေး ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် MSME အေဂျင်စီအဖွဲ့ နှင့် ပူးပေါင်း၍ MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တစ်ချိန်တည်းတစ်ပြိုင်တည်း ဆောင်ရွက်လို့ရသည့်လုပ်ငန်းရှိသကဲ့သို့ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရသည့် လုပ်ငန်းများလည်းရှိသဖြင့် အကောင်းဆုံးဖြစ်နိုင်သည့် နည်းလမ်းများကို ရှာကြံ၍ တဖြည်းဖြည်းချင်း ချဲ့ထွင်ကာ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့် MSME ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လွတ်လပ်လပ်ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် MSME အေဂျင်စီအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့က ချင်းပြည်နယ်အတွင်းရှိ MSME ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတွက် ချေးငွေထုတ်ပေးမှုအခြေအနေ၊ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေနှင့် MSME ကုန်ထုတ်လုပ်ငန်းမျာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးတင်ပြ ကြသည်။

ဆက်လက်၍ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်း၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦး၊ ပြည်နယ်စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်နှင့် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများက MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေ၊ တွေ့ကြုံနေရသည့်အခက်အခဲ စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို  Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များပေါ်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)