ပွင့်ဖြူမြို့နယ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် ရှင်းလင်းဆောင်ရွက်

ပွင့်ဖြူ ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး ပွင့်ဖြူ-မင်းဘူး- မကွေးသွား ကားလမ်းတွင် ယမန်နေ့က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း သိရ၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး သွားရောက်ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါကားလမ်းမပေါ် လဲကျသည့် သစ်ပင်အား ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်အတူ သွားရောက်၍ စနစ်တကျ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယခုအခါဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသစ်ပင်လဲကျမှုကြောင့် အခြားလူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ထံက သိရသည်။ 

ပွင့်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် နှစ်စဉ်မိုးရာသီကာလတွင်ကြုံတွေ့ရလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များ အပါအဝင် လေဘေး၊ မီးဘေး၊ ငလျင်ဘေး အစရှိသည့် ဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းနှင့်ယခုကဲ့သို့ ပြည်သူ့အကျိုးပြု သဘာဝဘေးအန္တရာယ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ တုံ့ပြန်ဖြေရှင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )